ကမ္ဘာ့နိုင်ငံများစွာ တို့တွင် ဗုဒ္ဓသာသနာ ပြန့်ပွားလျှက် ရှိပေရာ ဗုဒ္ဓဘာသာ နိုင်ငံများတွင် သာမက ဘာသာခြား ကိုးကွယ်ကြသော အချို့နိုင်ငံများတွင်လည်း ဗုဒ္ဓရုပ်ပွားတော် စေတီတော်များမှာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်းလျှက် ရှိကြသော ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီး တို့နှင့်တကွ သံဃာတော်များ၏ ကျေးဇူး တော်များကြောင့် ထင်ရှားစွာတည်ထားကိုးကွယ်နိုင်ခဲ့ကြပေသည် ၊ သို့သော်လည်း အချို့သော အရပ်ဒေသများစွာတို့၌ မထင်မရှား တိမ်မြုပ်ကွယ်ပျောက်လုဆဲဖြစ်နေသော ဗုဒ္ဓရုပ်ပွားတော် မြတ်တို့မှာလည်းများစွာ ရှိလှပေသည် ထိုအရပ်ဒေသ များ တွင် မှီတင်း နေထိုင် လုပ်ကိုင် စားသောက် အသက်မွေးနေကြသော သူများပင်လျှင်မသိရှိကြအောင်ပင် ဝေးလံ ခေါင်သီ ၍ သွားလာရန်ခက်ခဲလှ သဖြင့်တိမ်မြုပ် ပျောက်ကွယ်လုဖြစ်နေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများ အနက်မှ ယခုအချိန်တွင်မူ မလေးရှားနိုင်ငံ၏ မထင်မရှား အရပ်ဒေသမှ လျောင်းတော်မူ ရုပ်ပွား တော်မြတ်ကြီးအား တွေ့ရှိမွန်းမံ ပြင်ဆင်လျှက် ထိုအရပ်ဒေသတွင် ပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူကာ လေးဆူဓါတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ပုံသဏ္ဍာန်အတိုင်း တည်ထား ကိုးကွယ် နိုင်တော့မည်ဖြစ်ကြောင်း ရှာဖွေ ရရှိသော သမိုင်းကြောင်းအကျဉ်း တို့နှင့်တစ်ကွ ဖော်ပြလိုက် ရပေတော့သည်။
၎င်း ရုပ်ပွားတော်မြတ် ကြီးကို သက္ကရာဇ် ၁၈၈၅ ခုတွင် ထိုင်း၊မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များ တည်ထားခဲ့ ပြီးနောက် နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့ရာမှ ၁၉၆၅တွင် ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံ ဗုဒ္ဓဘာသာဝင် လူမျိုးအချို့မှ ပြန်လည်မွန်းမံ ပြုပြင် ထိန်းသိမ်း ခဲ့ကြကြောင်း သိရပါသည်။
နောက်ပိုင်းတွင်မူ ဟိန္ဒူဘာသာဝင် အိန္ဒိယ လူမျိုးတို့၏ စောင့်ရှောက်မှုဖြင့် ရုပ်ပွားတော်ကြီးမှာ နှစ်ပေါင်းအတော်ကြာပင် တိမ်မြုပ်ပျောက်ကွယ် နေခဲ့ရပါသည်။
၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ အင်းစိန်ကြို့ကုန်းမှ ညောင်ကန်အေး ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာဣန္ဒက နှင့်တစ်ကွ ဒေါက်တာကျော်တင်လှ မိသားစု ၊ ဒေါက်တာခင်မေစိုး+ကိုတင်ကို (သံရုံးဝန်ထမ်း)တို့အား မလေးနိုင်ငံသား တရုတ်များက လိုက်လံပြသ၍ ပထမဆုံး ဖူးမျှော်ခွင့် ရခဲ့ ကြသည်။
၂၀၀၈ ခုနှစ်သင်္ကြန် မတိုင်ခင်မှာ ကလန်း ဥတ္တမဆရာတော် ဦးရေဝတ နှင့် ကိုအောင်မင်းသိန်း တို့ကဦးစီး၍ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ထုံးသင်္ကန်းကပ်လှူ၍ ပူဇော်ခဲ့ကြသည်။ ကိုအောင်မင်းသိန်း (၀၁၆၉၇၆၀၄၂၃) ဆိုသူမှာ မနောမဣစ္ဆာသယ အရိယာဝိဇ္ဇာသာသနာပြု မဟိဒ္ဓိ "စေ" ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာကြီး ဦးပန္ဒိစိန္နာ၏တပည့်ရင်း တစ်ဦးဟုသိရပါသည် ။ ကိုအောင်မင်းသိန်း နှင့် အဖွဲ့သည် ဤ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဝေယျာဝစ္စ ကိစ္စအဝဝ ကို နှစ်ပေါင်းများစွာပင် ယနေ့ထက်တိုင် ဆောင်ရွက်၍ သာသနာ့အကျိုးသယ်ပိုးလျက်ရှိနေပေသည်။
ထိုအရပ်ဒေသရှိ သန့်ရှင်းရေးလုပ်သား အိန္ဒိယလူမျိုးများက ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်တွင် ဟိန္ဒူ ဘာသာ ၏ ရုပ်တုများတွင် ခြယ်သခြင်းကဲ့သို့ ဆေးမင် အရစ်များ ရေးခြယ် ထားခဲ့သည်ကို တွေ့ရှိရ သဖြင့် ဆရာတော် နှင့်တစ်ကွ ကိုအောင်မင်းသိန်းတို့ အဖွဲ့က ဆေးကြော ပယ်ဖျက် ခဲ့ကြသည်။
၂၀၀၉ ခုနှစ်သင်္ကြန်ရောက်သောအချိန်တွင် ကလန်းဥတ္တမ ဆရာတော်ဦးရေဝတဦးစီး၍ ဝေယျာဝစ္စ အဖွဲ့ဝင်ဟောင်းများ က ရုပ်ပွားတော်ကြီး ၏ မျက်နှာတော်တွင် သင်းကျစ်တော် နေရာ၌ ဥဿဖျား ကျောက်သင်းကျစ်တော် အား ဖြည့်စွက် ပူဇော်ခဲ့ကြသည်တွင် ထူးခြားမှု တစ်ခုဖြစ်ပေါ်လာခဲ့သည် ကိုတွေ့ရှိ ခဲ့ရသည်၎င်းမှာ ရုပ်ပွားတော်၏အထက်အမြင့်ပေ ၁၀၀’ ခန့်ရှိ အပေါက်ငယ်တစ်ပေါက်မှ အလင်းတန်းတစ်ခု ဖြာကြလာသည့်နေရာနှင့် ဥဿဖျား ကျောက်ဆစ် သင်းကျစ်တော်မှာ တန်းမတ်စွာရှိနေ၍ အလင်းတန်းငယ်မှာ သင်းကျစ်တော်ပေါ်မှတဆင့် အလင်းရောင်များ ပြန်လည်ဖြာထွက်ကာ မှောင်နေသည့်ဂူတစ်ခုလုံးအား အလင်းရောင်များ ဖုံးလွှမ်း စေခဲ့ သည်ကို တွေ့ ရှိခဲ့ကြပါသည်။
ဆရာကိုအောင်မင်းသိန်း၏ သင်းကျစ်တော်လှူဒါန်းပူဇော်ရခြင်း၏ရည်ရွယ်ချက်နှစ်ခုမှာ
၁။ ရုပ်ပွားတော်မြတ် အား ထိန်းသိမ်း စောင့်ရှောက် လျှက်ရှိသော အိန္ဒိယလူမျိုးများ လက်မှ ပြန်လည် ရယူလို ခြင်းနှင့်။
၂။ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စမ္ပါယ် လျှက်ရှိနေသော ၎င်းဒေသသို့ ဗုဒ္ဓဘာသာဝင်များ သိရှိကာ လာရောက် နိုင်ကြ စေလိုသော ဆန္ဒများကြောင့်ဖြစ်ကြောင်းသိရပါသည်။
ဤရုပ်ပွားတော်မြတ်ကြီး တည်ရှိနေသော နေရာဒေသမှာ ကွမ်တန်(Kuantan) မြို့မှ (၂၆) ကီလိုမီတာ အကွာအဝေး မှာရှိသော ပန်ကျင်း ပြည်နယ်(Panching)ထဲမှ ဆီအုန်းတောအတွင်းရှိ ကျောက်တောင်တစ်ခု၏ လှိုင်ဂူကြီး တစ်ခုအတွင်း မှာဖြစ်ကြောင်း သိရပါသည်။
၎င်း ဂူပေါက်ဝမှနေ၍ အတွင်းသို့ ရောက်ရန် ဘာတူးဂေ့(Batu gave) တွင်ရှိသော အကွာအဝေးထက် ၂ ဆ ပိုမိုကွာဝေးကြောင်းသိရပါသည်။ ၎င်းဂူဝသို့ရောက်အောင် သွားနိုင်ရန် ပင် တက်ရသော လှေကားမှာလည်း အင်မတန်ပင် တက်ရ ခက်ခဲနေကြောင်းကိုလည်း သိရ ပါသည်။ ထိုလှေကား သို့သွားရန် တောင်တက်လမ်းအဝ တွင် ဟိန္ဒူဘုရားကျောင်း မှအိန္ဒိယ လူမျိုးများ ၏ အဝင်ဝ အစောင့် ဂိတ်တဲတွင် နိုင်ငံခြားသားတစ်ဦးလျှင် မလေးရှားဒေါ်လာ ၂ ရင်းဂစ်၊ မလေးရှား နိုင်ငံသားများဖြစ်ပါလျှင် မလေးရှားဒေါ်လာ ၁ ရင်းဂစ်နှုန်းဖြင့် ပေးဆောင် ရပါလိမ့်မည်။ သို့သော် ထူးခြားသည်မှာ ပိုက်ဆံ ကောက်ခံ လျှက်ရှိသော ဟိန္ဒူဘုရားကျောင်းမှ ၎င်း အိန္ဒိယလူမျိုးများသည်။ မြန်မာလူမျိုးဟု သိရပါက ကောက်ခံခြင်း မရှိကြောင်းသိရ၍ စုံစမ်းကြည့်ရာတွင် ရှေးယခင် ကနဦးအစက ဘုရားကြီးအား စတင် တည်ထားခဲ့ ကြသော ဆရာတော် သံဃာတော်များနှင့် မြန်မာလူမျိုးတို့၏ ဘာသာရေးစိတ်ဓါတ် နှင့် လုပ်ဆောင် ချက်များကို ကြည်ညိုလေးစား သောကြောင့် ဟု သိရသဖြင့် ဂုဏ်ယူမိပါသည်။ ဤကဲ့သို့ ရှေ့ လူများ၏ စွမ်းဆောင်မှု ကိုမှတ်တမ်း တင်ရှိခြင်းခံခဲ့ရသော မြန်မာလူမျိုးတို့၏ ကြည်ညို လေးစား ခံရမှု သိက္ခာမြင့်မားစွာ အသိအမှတ် အပြုခံရခြင်းကို နောင်လာနောင်သား မြန်မာလူမျိုး တို့ အနေဖြင့်လည်း မပျောက်ပျက်အောင်ဆက်လက် ထိန်းသိမ်းကြ၍ မြန်မာဗုဒ္ဓဘာသာလူမျိုးဂုဏ် မညိုးနွမ်းအောင် နေထိုင်ပြုမူ ပြောဆို ကျင့်သုံး ကြပါလျှင်ဖြင့် ပြည်ပနိုင်ငံ ရောက်ရှိနေကြသော မြန်မာလူမျိုးများ သာမက အမိနိုင်ငံ၏ လူမျိုးဂုဏ်၊ ဘာသာ သာသနာဂုဏ်ကို ဆောင်နိုင် ပါလိမ့်မည်မှာ ဧကန်ဖြစ်ပါသည်။ ဂူဝတွင်လှေကားပေါ်မှ ဆင်းပြီးလျှင်ပြီးခြင်း တရုတ် နတ်ကွန်းကို စတင်တွေ့ ရှိရမည်ဖြစ်ပြီးနောက်တွင် ဆက်လက်ဝင်ရောက်သွားပါမှ ခမ်းနားစွာပင် မွန်းမံထားရှိသည့် ဟိန္ဒူဘုရားကျောင်း ကို လျှပ်စစ်မီးရောင်များ ထိန်လင်းစွာဖြင့် တွေ့ရှိရမည် ဖြစ်ပြီး ထိုနေရာမှပင် လှည့်ပြန် သွားကြ သူများလှသည် အတွင်းဘက်သို့ ဆက်လက် ဝင်ရောက် မှသာလျှင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ သပ္ပါယ်စွာဖြင့် ကိန်းဝပ် စမ္ပါယ်လျှက် ရှိနေသည်ကို မသိကြခြင်း သာမက ညွှန်ပြပြောဆို ပေးမည့်သူများပင် မရှိကြကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ရပါသည်။ အကယ်၍သာ ဟိန္ဒူဘုရားကျောင်း၏အဆုံးမှ ခြေလှမ်း ၅ လှမ်းခန့်သာ ဆက်လက် ဝင်ရောက်လိုက်ပါမူ အတန်ပင် ဝေးကွာ နေသေးသည့်တိုင် လျှပ်စစ်မီးများဖြင့် ခမ်းနားစွာ ပူဇော်ထားခြင်း မရှိသေးပါ သော်လည်း ဘုန်းတော် ကြောင့် အရောင်ဖိတ်ဖိတ် တောက်ပလျှက် ရှိနေသဖြင့် မေးမြန်းကြ သူများနှင့် ကိုယ်တိုင် ဝင်ရောက် လေ့လာ သူများရှိလာ ကာ မလေးရှားနိုင်ငံသား တရုတ်လူမျိုးများနှင့် အိန္ဒိယ လူမျိုးများသာမက အပြည်အပြည်မှ လေ့လာသူ ခရီးသွား နိုင်ငံခြားသား အများစုပင် ဝင်ရောက် ဖူးမြော် ကြည်ညိုလျှက် ရှိကြကြောင်း တွေ့ရမည် ဖြစ်သည်။
ယခုနှစ် ၁၆ ၊ ၄ ၊ ၂၀၁၁ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ စနေနေ့တွင် ယခင်က ကလန်းဥတ္တမ ဆရာတော် ဦးရေဝတ ကပ်လှူပူဇော် ထားခဲ့သည့် ရွှေကြာသင်္ကန်းတော် ကြီးမှာ ဟောင်းနွမ်း စပြုပြီ ဖြစ်သဖြင့် သင်္ကန်းတော်အဟောင်းကို စွန့်ကာ ကိုစည်သူ+မနန္ဒာ (Star Trading Agency)မှ ရွှေကြာ သင်္ကန်းတော် အသစ်ကြီးအား မြန်မာပြည်မှ ဝယ်ယူလာကာ လှူဒါန်းပူဇော် ကြပါသဖြင့် ကိုအောင်မင်းသိန်း မှ ဦးစီးကာ လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းသစ် ကပ်လှူပြီးနောက် မြန်မာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က အတူတစ်ကွ ဖြင့် ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်မြတ် များကို ရွတ်ပွားပူဇော်ကြ ခြင်းကို နှစ်သစ်မင်္ဂလာနှင့်အတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မင်္ဂလာ ကျက်သရေအပေါင်းနှင့် ပြည့်စုံသပ္ပါယ်စွာ ပူဇော်သက္ကာရ ပြုကြခြင်းကို မလေးရှား နိုင်ငံသား တရုတ်၊အိန္ဒိယ လူမျိုးများနှင့် နိုင်ငံခြားသားခရီးသွားများက အံ့သြစွာ ကြည့်ရှုမှတ်တမ်းတင် ဗွီဒီယို ၊ ဓါတ်ပုံများ ရိုက်ကူးကြကြောင်းသိရပါသည် ၊
ရုပ်ပွားတော်မြတ်ကြီးအား တည်ထားခဲ့ကြသော ဆရာတော်များက ဘုရားကြီးအား မည့်သို့သော ဘွဲ့တော်ဖြင့်အမည်နာမ ပေးမှတ် ထားခဲ့ကြသည်ကိုမူ မသိကြရ သေးသော်လည်း အနီးတွင်မူ ထိုင်းဘာသာ ကျောက်စာတိုင်ကို တွေ့ရ ကြောင်းသိရပါသည်၊ ယခုအခါ၌မူ ၎င်း ကျောက်ဂူကြီးတည်ရှိနေရာ၏ ဆီအုန်းခြံပိုင်ရှင်နှင့် ကိုအောင်မင်းသိန်း တို့က တွေ့ဆုံ ဆွေးနွေးညှိနိုင်ပြီးနောက် ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် ဘုံခုနှစ်ဆင့် ဉာဏ်တော် အမြင့် သတ်မှတ်၍ ရွှေတိဂုံပုံတူ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်နိုင်ရန်ခွင့်ပြုချက်ရရှိသဖြင့် လာမည့်နှစ် ၂၀၁၂ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပြီးစီးနိုင်ရန် သတ်မှတ်ရက် ပန်းတိုင်ထားရှိကာ စေတီတော်မြတ် ကြီး တစ်ဆူ တည်ထား ကိုးကွယ် နိုင်ရန် ကြိုးပမ်းနေကြကြောင်း ဝမ်းမြောက်စွာ သိရှိရပါသည် ၊ ထီးတော် တင်လှူပူဇော်မည့် အလှူရှင်နှင့် စိန်ဖူးတော် ကပ်လှူပူဇော်မည့် အလှူ့ရှင်များပင် ရှိနေပြီ ဖြစ်ကြောင်းပါ သိရပါသည် မကြာမှီက ရွှေကြာသင်္ကန်း သစ်ကြီး ကပ်လှူ ပူဇော်ခဲ့သော ကိုစည်သူ+မနန္ဒာ (Star Trading Agency) တို့ က ပင် ထီးတော်ကြီးကို လှူဒါန်း ပူဇော်ကြမည် ဖြစ်ကြောင်းပါ သိရပါသည်။ စိန်ဖူးတော်အလှူရှင်၏ အမည်ကိုမူစေတီတော်ကြီး အောင်မြင်စွာ တည်ထားပြီးသည့်နောက် စိန်ဖူးတော် နှင့်ထီးတော်ကြီး အောင်မြင်စွာတင်လှူပြီးစီးသည့် နေ့တွင် မှ မှတ်တမ်းတင်ဖေါ်ပြမည်ဖြစ်ပါသည်။
စေတီတော်ကြီးအား တည်ဆဲကာလတွင်လည်း သွားရောက်ဖူးမျှော် လှူဒါန်း ပူဇော် ကြလိုသူများ အတွက် သွားလာရေးလွယ်ကူစေရန် နိဗ္ဗာန်လမ်းပြ ဘုရားဖူးမော်တော်ယာဉ်များ ကိုလည်း ကွာလာလမ်ပူမြို့ နှင့် စေတီတော် တည်ရှိရာ တိုင်အောင် အသွားအပြန် တာဝန်ယူ လိုက်ပါပို့ဆောင် ရှင်းလင်းပြောဆို လမ်းညွှန်ပေးရန် ကိုလည်း စီစဉ်လျှက် ရှိနေပြီ ဖြစ်ကြောင်း သိရှိခဲ့ ရပါသည်။
နိုင်ငံအရပ်ရပ်တွင် တည်ထားကိုးကွယ် နေကြပြီဖြစ်သော ရွှေတိဂုံပုံတူစေတီများ ဖြစ်သော ဆရာကြီးဂိုအင်ဂါ တည်ထားပြီးသော ရွှေတိဂုံပုံတူ စေတီတော်မြတ် နှင့် မနှစ်က ထီးတော်တင်ပြီးခဲ့သော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မီဒမ် အရပ်ဒေသရှိ ရွှေတိဂုံပုံတူ စေတီ တို့ကဲ့သို့ပင် ယခု မလေးရှားနိုင်ငံ တွင်လည်း ထပ်မံတည်ထားဦးမည့် ရွှေတိဂုံပုံတူ စေတီတော်မြတ် ကြီး ပြီးမြောက် အောင်မြင်စွာ တည်ထားနိုင်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြသော သူများနှင့် တစ်ကွ သာသနာ တော် ပြန့်ပွားရေး ကို အားတက် သရော လုပ်ဆောင် ကြိုးပမ်းနေကြသော သူတော်ကောင်း သူမြတ်ကောင်းတို့၏ မျှော်လင့်ချက် ပန်းတိုင် ကိုဖြင့် စတင်အကောင်အထည်ဖော်ဆောင် သတ်မှတ်စိုက်ထူလိုက်ကြပါပြီ။
၂၀၁၂ ခုနှစ် တွင်သတ်မှတ်ရက်ဖြစ်သော ကဆုန်လပြည့်အမှီ စေတီတော်ကြီးဖြစ်မြောက်ရေး ကော်မတီ ဂေါပက အဖွဲ့ကိုလည်း ဖွဲ့စည်းလျှက် ရှိနေပြီဖြစ်ကြောင်း နှင့် ကုသိုလ်တော် ပါဝင် ၍ ဋ္ဌာပနာများ ထည့်သွင်း လှူဒါန်း ပူဇော်လိုသူများ စေတီတော် တည်ထား ကိုးကွယ်ရေး ဘက်စုံ အထွေထွေ ကုန်ကျစရိတ်များ အတွက် ကုသိုလ်တော် ပါဝင် လှူဒါန်း ဒါန ပြုလို ကြသော သူများ ဆက်သွယ်လှူဒါန်း ပါဝင်နိုင်ရေးအတွက် လှူဒါန်းရန်လိပ်စာ၊ ဖုန်းနံပါတ်များ ၊ လိုက်ပါပို့ဆောင် ပေးမည့် ဘုရားဖူးယာဉ်များ၏ အစီအစဉ်များကိုလည်း အတိအကျ သတ်မှတ်ပြီးပါလျှင် ဆက်လက်ဖော်ပြ သွားမည် ဖြစ်ပါကြောင်းကိုလည်း နိဗ္ဗာန်အကျိုးမျှော်ကိုးလျှက် ရေးသားတင်ပြလိုက်ရပါသည်။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရန်
Ph: 0123013230 , 0166770370 , 0163077063 ,
( thuwunnaoscar)
0 အကြံပြုချက်:
Post a Comment