သင်္ကြန် မှာ …..သင်ကျန်မနေအောင်
နှစ်ဟောင်းကုန်ပျောက်လို့ နှစ်သစ်ဆီသို့ ရောက်လာပြီဆိုရင် နှစ်ဦးကို ရွှင်မြူးစွာ ကြိုဆိုတဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပလေ့ရှိတဲ့အထဲမှာမြန်မာတို့လဲပါဝင်ပါတယ်၊ ကမ္ဘာပေါ်ရှိ လူမျိုးနဲ့ နိုင်ငံတိုင်းဟာ မိမိတို့ကိုယ်ပိုင်ရိုးရိုရာနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း လက်ခံအသုံးပြုတဲ့ သက္ကရာဇ် ကွဲချင်ကွဲပါမယ် ၊ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပလေ့ရှိတတ်တာတော့ သေချာနေပါတယ်။
ခုလဲပဲ မြူးကြွပြီး အထူးရသပေးစွမ်းနိုင်တဲ့ သင်္ကြန်သီချင်းသံများက လေထဲမှာ လွင့်ပျံ့လာမှုနဲ့အတူ သင်္ကြန်ကိုကြိုတဲ့မိုးစက်ငယ်တို့ရဲ့မြေထက်မှာကြွေသက်လာဟန်တွေကသင်္ကြန်ကိုပြန်အမှတ် ရစေပြန်တယ် ၊ဒီတော့လဲနှစ်တနှစ်ကုန်ပျောက်လို့နှစ်သစ်တခုတောင်မှ ရောက်တော့မှာပါလားဆိုတဲ့အတွေးနဲ့အတူ မြန်မာ တို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ကိုလဲ အာရုံပြုမိလိုက်ပြန်ပါတော့တယ်။
ဝေးခဲ့တာကြာ ဒီအခါ
``ခါသုံးကောင်တကောင်အမိဖမ်း``တဲ့၊ ရှေးကထားခဲ့တဲ့လူကြီးသူမတို့ရဲ့စကား ပေါ့…
မြန်မာနိုင်ငံမှာ သင်္ကြန်၊ဝါဆို၊သီတင်းကျွတ်အခါရယ်လို့ ရက်မြတ်မဟာအခါကြီး သုံးခုရှိပါတယ် ၊ အဲဒီ အခါနေ့ရက်များ ရောက်လာပြီဆိုရင် မိမိတို့နဲ့နီးစပ်ရာ ကျောင်းကန် ဘုရားများဆီသို့ အရောက်သွားပြီးဒါန၊သီလ၊ဘာဝနာထဲမှအားသန်ရာအမှုတွေကိုသူ့ထက်ငါအလုအယက် ပြု လုပ် အားထုတ်လေ့ရှိပုံတွေက ဘယ်နိုင်ငံရဲ့ ယဉ်ကျေးမှု့နဲ့မှ မတူတဲ့ယဉ်ကျေးမှု့တခုလို့ထင်ပါတယ်။ စတုဒီသာလှူဒါန်းသူ၊ သီတင်းသီလ စောင့်ထိန်းသူ၊တရားဘာဝနာကို ဟော၊နာ၊ကျင့်ကြံသူတွေနဲ့ နာမည်ကြီး တန်ခိုးကြီး ဘုရားတိုင်းမှာ တိုးမပေါက်အောင်လဲ စည်ကားမြဲဖြစ်ပါတယ် ၊အဲဒီအခါသုံးမျိုးထဲက လူမျိုးဘာသာ ပုဂ္ဂိုလ်ကြီးငယ်မရွေး အမြဲတောင့်တ သတိရပျော်ရွှင်လေ့ရှိတဲ့အခါကို ပြပါဆိုရင် သင်္ကြန်အခါ ကို ပြရမယ်လို့ ထင်ပါတယ်၊ ခုတော့လဲ ဒီအခါတွေဟာ စာရေးသူနဲ့ဝေးခဲ့တာ ကြာခဲ့ပါပြီ….။
လွမ်းမောမိသည် ကိုယ့်ဋ္ဌာနီ
သြော်ဘာလိုလိုနဲ့နာရီတိုက်စားရာသီများရဲ့အောက်မှာတနှစ်ကုန်တနှစ်ကူးတဲ့လတန်ခူးတောင်
ရောက်လာပြန်ပြီပေါ့၊မုတ်သုန်လေညှင်းတိုက်ခတ်ခြင်းနဲ့အတူမိုးပေါက်မိုးစက်တို့လဲ မြေထက် မှာကြွေသက် စပြုလာတာတွေ့ရတော့မကြာမီ နွေဦးရာသီရောက်တော့မှာပါလားလို့ တွေးမိလိုက်ပါတယ်.။
ရောက်လာပြန်ပြီပေါ့၊မုတ်သုန်လေညှင်းတိုက်ခတ်ခြင်းနဲ့အတူမိုးပေါက်မိုးစက်တို့လဲ မြေထက် မှာကြွေသက် စပြုလာတာတွေ့ရတော့မကြာမီ နွေဦးရာသီရောက်တော့မှာပါလားလို့ တွေးမိလိုက်ပါတယ်.။
ဇာတိဋ္ဌာနေ မြန်မာပြည်မှာတော့ ဆောင်းကုန်လို့ နွေကိုကူးဖို့ လေရူးတသုန်သုန် မြူးတဲ့အချိန် လို့အောက်မေ့မိတယ် ၊ ဥသြငှက်ငယ်လေးတွေရဲ့ နွေးကြိုတေးသံနဲ့ရယ်…ဝဿန်ဦးမို့ပွင့်ဖူးလာကြဦးမယ့် ပန်းလေးတွေရဲ့အလှတွေရယ်က ဒီတန်ခူးလကို သာယာလှပအောင်အလှဆင်နေကြတော့မယ်ထင်ပါရဲ့လေ ၊ နှစ်သစ်ကိုကြိုဖို့ ပွင့်လာသလားပင် ထင်ရလောက်တဲ့ ပိတောက်ပန်းရနံ့လေးတွေကလဲ လေထဲမှာ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်စ ပြုလောက်ရောပေါ့လို့ တွေးသိ ခံစားရပါတယ်၊
မြေပျော့လျှင်ခြေရာထင်သကဲ့သို့ စိတ်ထားနုလို့များ လွမ်းစိတ်ဝင်မိသလားပင် မသိပါဘူး ၊ နှလုံးသားဓါတ်ခံနုသူတို့အဖို့မှာတော့ ပျော်စရာတွေကပင် လွမ်းစရာတခုအသွင် ဖြစ်ပေါ်ခံစားတတ်တာလဲ ဓမ္မတာပဲထင်ပါရဲ့နော်၊ခုလဲပဲသင်္ကြန်တေးသံစုံကိုနားယံမှာကြားရပြန်တော့လဲရင်ထဲတမျိုး နေရတာဆိုးသလိုပဲပေါ့..ဘယ်ကိုတမ်းတ သတိရမိတယ်လို့ အမည်မဖေါ်ပြနိုင်ပေမဲ့ ကျော်ဖြတ်ခဲ့ရပြီးသော သင်္ကြန်ပေါင်းများစွာကိုပင် ထင်ပါရဲ့နော် ၊
ခုတလော အင်တာနက်သတင်းတွေဖတ်တဲ့အခါမှာလည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော် ဆိုင်ရာ သတင်းလွှာတွေဖတ်နေရတယ်၊တချို့ကလဲ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ဖြစ်သလို တေးသီချင်း ဗွီဒီယိုအကအလှကြောငြာတွေပါပဲ၊တချို့ကြတောလဲ့အဲဒီသင်္ကြန်အခါရက်မြတ်မဟာမှာသာသနာ့ဘောင်ဝင် ကြပြီး ဘဝအနှစ်သာရ ထုတ်ယူကြမည့်အကြောင်း သတင်းကောင်းတွေပါ့၊ .ဒါနဆိုတဲ့ မြေပေါ်မှာ.. သီလ.. တိုင်ထူကာဘာဝနာနဲ့ ခေါင်အုပ်ကြပီး ခေါင်ချုပ်အလုပ်လုပ်ကြမဲ့သူတွေကလဲဒီရက်မြတ်အခါကို မျှော်လင့် အားခဲနေကြဟန်တူပါရဲ့လေ..
ထို့အတူ လူငယ်မောင်မယ်တို့မှာလဲပဲ တီးလို့ဆိုဖို့ ကဖို့လှဖို့အတွက် ဝါသနာတူရာ စုစည်းခါဖြင့် အကတွေ တိုက်ကြ အဆိုတွေကျင့်ကြနဲ့ သင်္ကြန်ကို အပျော်ဖြင့် မျှော်လင့်နေချိန်လို့ အောက်မေ့မိတယ်၊ ဒီလို သတင်းကြော်ငြာတွေကနေ မြန်မာရိုးရာ ရက်မြတ်မဟာအတာသင်္ကြန်အတွက် က၊ ဆို ၊တီးဟန်နဲ့ ဓမ္မအသံတွေ နားယံမှာစုံနေအောင် ကြားရတဲ့အခါ လူသားတွေနဲ့အပြိုင် စာရေးသူတို့လို သာသာနာပျော် ရဟန်းတော်တို့ရင်ထဲမှာလဲ အပျော်တွေပူးဝင်ခံစားခဲ့ရပြန်ပါတယ်..၊ တဆက်တည်းမှာပဲ သင်္ကြန်နဲ့ ဆက်စပ်ပြီး စာရေးသူအတွေးဝင်မိတာလေးတွေကို ဒီလို ချရေးကြည့်လိုက်ပြန်ပါတယ်။
သင်္ကြန်အကြောင်း တစေ့တစောင်း
သူများက သင်္ကြန်ပြောလို့ ပြောနေရတယ်၊ တကယ်တော့သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့တာ အမှန်ပါ ၊ စာပေမှာတော့ ပြောင်းရွှေ့ခြင်းကို သင်္ကြန်လို့ ခေါ်ဆိုကြောင်း သိရတယ် ၊အချင်း ယူဇနာ (၅၀) လုံးဝန်းယူဇနာ(၁၅၀)ရှိပြီး အတွင်းဘက်ကားရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ပြီးသော ဘာဏုရာဇာမည်တဲ့တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတလုံးမှနေပြီး နဝင်းတလုံးဆီ၊နက္ခတ်တလုံးမှ နက္ခတ်တလုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက်ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိရတယ် ။ တနှစ်တခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာတော့ ဗြဟ္မာမင်းကြီးကနေ သိကြားမင်းကို ဦးခေါင်းတလုံး လွှဲပြောင်းပေးနေပုံကိုဖေါ်ပြလေ့ရှိတာကိုလဲသတိပြုမိပါတယ်၊ဘာပဲ ပြောပြောသင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်းအဓိပ္ပါယ် လို့သာ လွယ်လွယ်မှတ်လိုက်ပါစို့နော်။
ပြောင်းတော့ ပြောင်းနေတယ်
သင်္ကန္တ(သင်္ကြန္တ) ဆိုတဲ့ ပါဠိကနေ ဆင်းသက် ရွေ့ရှားလာလို့ သင်္ကြန်လို့ခေါ်တယ် ၊ ပြောင်းရွှေ့ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တယ်လို့ သိရပြီးပါပြီ ။ ဒါဆို ဘာတွေဘယ်လို ပြောင်းရွှေ့သလဲ စဉ်းစားကြည့်ကြရင် အဆိုးနဲ့အကောင်းက တလှည့်ဆီ ပြောင်းပြန် ပြောင်းနေတာလား၊ အကောင်းကနေ အဆိုးဘက်ဆီ ပြန်ပြောင်းတာလားတော့ ခွဲခြား မသိပါ ၊ ဒီပြောင်းရွှေ့ခြင်းဆိုတာဟာ အဟောင်းကနေ အသစ်ဆီ၊အဆိုးကနေအကောင်းဆီ..တစ်နှစ်မှသည်တစ်နှစ်ဆီဆီသို့ ပြောင်းရွှေ့တာကိုဆိုလိုတာဖြစ်နိုင်သ လို ၊ အရှုံးမှသည် အနိုင်ဆီ ၊ အမုန်းမှသည် အပြုံးဆီ ..ဆင်းရဲမှသည် ချမ်းသာဆီသို့ ပြောင်းရွှေ့ခြင်းကို ဆိုလိုတာလဲ ဖြစ်နိုင်တယ် ၊ ဘာပဲ ပြောပြောပေါ့၊ စီးပွားရေး ပညာရေး လူမှု့ရေးတွေမှာ တစ်နှစ်လာလဲ ဒီအတိုင်း တစ်နှစ်လာလဲ ဒီအတိုင်းဆိုရင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဟာ မိမိအတွက်တော့ ဘာမှ ထူးမည်မထင်ပါတော့..ပြောင်းတော့ ပြောင်းလဲနေတာအမှန်ပဲ၊ဘာတွေဘယ်လို ပြောင်းလဲနေတယ်ဆိုတာသာ မိမိတို့ သိဖို့လိုအပ်တာ ဖြစ်မယ်လို့ တွေးမိတယ် ၊
တရားမထိုင် မသိနိုင်
ဓမ္မသဘောအရဆိုရင်လဲ ရုပ် တရား နာမ်တရားတွေဟာ စက္ကန့်မလပ် တရစပ်ပဲ ဖြစ်လိုက် တည်လိုက် ပျက်လိုက် သဘောရှိနေတော့ အမြဲတမ်းပြောင်းလဲနေတယ်မဟုတ်လား.. ဥပမာ ငယ်စဉ်က ရှိခဲ့တဲ့ မိမိတို့ကိုယ်လုံးကိုယ်ရေလှပတင့်တယ်ခြင်းတွေဟာအသက်ရွယ်ကြီးလာတဲ့အခါမရှိတော့တာ တွေ့နိုင် ပါတယ်ပဋိသန္ဓေနေခြင်းကနေ..အိုခြင်းဆီ၊အိုခြင်းကနေနာခြင်းဆီ၊နာခြင်းကနေ သေခြင်းဆီသို့ ပြောင်းနေတာ ထင်ရှားလှပါတယ် ပကတိမျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့ ၊ ဒါဟာဉာဏ်မျက်စိနဲ့ သေချာရှု့ကြည့်မှသိနိုင်တဲ့ အရာမို့ အများသူငါ သတ္တ၀ါတို့ဟာ ခန္ဓာရဲ့ အပြောင်းအလဲတွေကို မသိနိုင်ဖြစ်နေကြတာပါ ၊ ဒီလိုဆိုရင် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့ရဲ့ အပြောင်းအလွဲတွေ သိချင်ရင်တော့ တရားထိုင်ဖို့ လိုတယ်လို့ တွေးမိတယ်၊
ဓါတ်ခံပြောင်းမှ လာဘ်ကံကောင်းမယ်
ဒီအပြင်လဲသင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်းလို့သဘောပေါက်ထားသူများဟာ ပြောင်းလဲ သင့်သည်များကို ပြောင်းလဲပြစ်ရမယ်ဆိုတာ သိစေချင်မိပါတယ်၊ဓါတ်ခံကောင်းမှလာဘ်ကံ ကောင်းတယ်လို့ ဆိုရိုးစကားအရဆိုရင် ဆိုက်ရောက်လာမဲ့ နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာဓါတ်ခံကောင်းထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဓါတ်တူ နံတူ ဆေးဘက်ယူ လို့ ရှေးသူတော်စင်တို့ အမှာစကားက ဒီနေရာမှာ ဒါကိုများ ဆိုသလားတွေးစရာပါ၊ ဒါကြောင့် နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာ မိမိတို့ နှလုံးသားဖြူစင်ပြီး စိတ်ထားမွန်မြတ်ခြင်းဆိုတဲ့ ဓါတ်ခံကောင်းနေဖို့ လိုအပ်ပါတယ်၊ တကယ်လို့သာ ဓါတ်ခံညံ့နေရင်လည်း အကောင်းနဲ့ ပြန်ပြောင်း လဲ လိုက်ရမှာပေါ့ ၊ ဒါကြောင့်မပြေလည်မှု့တွေနဲ့ ပြည့်နေပြီး လောကအလယ်မှာ မျက်နှာငယ်နေပါသလား၊ပြေလည်ကောင်းမွန်လာအောင်လာဘ်ကံတွေကောင်းဖို့ဓါတ်ခံတွေကို ပြောင်းပေး ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
ဘာကြောင့် ဘယ်လို ဘာကို ဘာနဲ့ ပြောင်းမလဲ
အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ခံယူထားတဲ့ဗုဒ္ဓ၀ါဒမှာအကြောင်းနဲ့ကင်းပြီး ဖြစ်တည်လာတာ မရှိတာအမှန်ပါ ၊ ဒါဆိုရင် ကံကောင်းနေသူတွေဟာ ကံကောင်းနိုင်ကြောင်းအမှု့တွေပြုခဲ့လို့ဖြစ်သလို ကံဆိုးနေသူတွေဟာလည်း ကံဆိုးနိုင်ကြောင်း မကောင်မှု့တွေ ပြုခဲ့လို့ပဲ ဖြစ်မှာပါ၊ အကြောင်းကောင်းရင် အကျိုးကောင်းမယ်၊ အကြောင်းဆိုးရင် အကျိုး ဆိုးမယ်ဆိုတာ ယုံမှားစရာတောင်မှ မရှိပါဘူး ။
လူတိုင်းကံကောင်းချင်ကြပေမဲ့ ကောင်းကံ(ကုသိုလ်)လုပ်ဖို့ကြတော့ ဝန်လေးတတ်ကြပါတယ် ၊ ကံကောင်းချင်ကြပေမဲ့ မကောင်းကံအပြုများသူမှာတော့ ကံကောင်းချင်လျှက် ကံဆိုးနေကြအုံးမှာပါ ၊ ဒါဆိုရင် ကောင်းချင်သူတို့ ကောင်းကံလုပ်ဖို့လိုမယ်ဆိုတာသိသာပါတယ်၊ထို့အတူကံမကောင်းအကြောင်း မလှလို့ကြိုးစားသမျှသဲထဲရေသွန်သလိုဘာမှအရာမထင်ဖြစ်နေသူများသည်လည်း ကောင်းမှု့ (ကုသိုလ်)လို့ အမည်တပ်ထားတဲ့ အရာတွေ ကို ပြောင်းလဲ လုပ်ဖို့ လိုပါတယ် ၊
ဒါကြောင့် ရက်မြတ်မဟာ အတာသင်္ကြန်ကာလအတွင်းမှာ ဆင်းရဲခြင်းကို ဒါနပြုပြီး ချမ်းသာခြင်း ဆီရောက်အောင် ပြောင်းရပါမယ်၊သီလလို့ ခေါ်ဆိုတဲ့ကိုယ်ကျင့်တရားဖြူစင်အောင်ကျင့်ကြံပြီး တော့မကျန်း မမာ ရောဂါထူပြော စိတ်ဆင်းရဲမှု့သဘောကို ကိုယ်ကျမ်းမာ စိတ်ချမ်းသာအောင် အောင်ပြောင်းရပါမယ် ၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို မှန်ကန်စွာ မသိနားမလည်ခြင်းဆိုတဲ့ ဉာဏ်ပညာနဲပါးခြင်းကို ဘာဝနာပွားပြီးဉာဏ်ပညာအားကြီးအောင် ပြောင်းယူရပါမယ်၊အကျဉ်းချုပ်ရရင်မကောင်းတာကို ကောင်းတာ နဲ့ပြောင်း ၊ညစ်တာကိုသစ်တာနဲ့ပြောင်း၊ဒုစရိုက်ကို သုစရိုက်နဲ့ပြောင်း၊ အကုသိုလ်ကို ကုသိုလ်နဲ့ပြောင်းရင် လူတိုင်းကံကောင်းလာမယ်လို့ တွေးပြီး သင်္ကြန်ရဲ့အဓိပ္ပါယ်နဲ့အရသာဟာ လူတိုင်းမှာ ပြည့်ဝသွားမယ်လို့ ယုံကြည်မိပါတယ် ၊
ဒင်းကျန် မဖြစ်စေချင်
ကျေးလက်တောရွာတွေမှာ သဘာဝကြက်တွေ ၊ဘဲတွေဟာ ‘ဥ’ဥပြီးသားပေါက်လေ့ရှိပါတယ်၊ ကြက်မ ဘဲမကြီးတွေဟာ ကျေနပ်လောက်အောင်ဥပြီးတဲ့အခါ ဥကလေးတွေကအကောင် ပေါက်လာအောင် ဝပ်ကျင်းမှာ ဝပ်ပြီး ကိုယ်ငွေ့ပေးလေ့ ရှိပါတယ် ၊ အချိန်တန်တဲ့အခါ ဥလေးတွေကနေ သားပေါက်လာပြီး ကြက်ပေါက် ဘဲပေါက်လေးတွေ ဖြစ်လာတာပေါ့ ၊ ဒါပေမဲ့ အကောင်မပေါက်ပဲ ကျန်နေတဲ့ ဥတွေလဲ ရှိတတ်ပါသေးတယ်၊ အဲဒီလို ဥတွေကို ဒင်းကျန် ဥတွေလို့ ခေါ်ဆိုတယ်လို့မှတ်သားဖူးတယ်၊သားမပေါက်တဲ့ အဲလိုဥတွေဟာ ကြာလာတာနဲ့အမျှ အမှိုက်ပုံလွှင့်ပစ်ခံရပြီး ခွေစားခံဖြစ်သွားကြတာပေါ့ ။
ဒီလိုပါပဲ… လူတိုင်းရဲ့ဘ၀မှာ အကျိုးပေးဖို့ အခွင့်ရေးပေးဖို့ စောင့်နေတဲ့ အတိတ်က ပြုဖူးတဲ့ ကုသိုလ်ကံထူးတွေရှိနေတတ်ကြပါတယ်၊ဒီကံတွေဟာကံပိုင်ရှင်ရဲ့ကုသိုလ်ပြုခြင်းဖြင့်အပူပေးမှု့ကို မျှော်လင့်
နေကြတာပေါ့၊
ကြောင်းကျိုးမြင်သိပြီး မိဘဆရာသမားတို့ရဲ့ စကားကို လိုက်နာပွားသူတွေကတော့ လိုအပ်သလို ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ထူးတွေ ဆည်းပူးပြီး အပူပေးလိုက်တော့ ဟော ချမ်းသာခြင်း ကျန်းမာခြင်း အသိပညာနဲ့ပြည့်စုံခြင်းစတဲ့ ကောင်းကျိုးလေးတွေ ပေါက်ဖွားလာတာပေါ့။ ဒါကြောင့် ကောင်းကျိုးလိုလားပြီး ကံကောင်းလိုသူတိုင်းဟာ လက်ရှိဘဝကို ကုသိုလ်ပြုလုပ်ခြင်းဖြင့် အပူပေးသင့်ပါတယ်၊
သို့သော်လည်းကုသိုလ်ကံအပူပေးရမဲ့အစားတချို့သောကာယကံရှင်တွေက မေ့မေ့ လျော့လျော့
ပေါ့ပေါ့ ဆဆနေလိုက် ကြတယ် ၊ ဒါ့အပြင် ငါးပါး အာရုံ ကာမဂုဏ် လိုက်စား ကာမိုက်မှားနေ ကြလေသေးတော့ ပြုခဲ့ဘူးသမျှ ကုသိုလ်ကံတွေဟာ အကျိုးပေးချင်ပါ လျက်နဲ့အကျိုးပေးခွင့် မသာဖြစ်နေရ ရှာတော့တယ် ၊ ဘာမှ ပေါက်ဖွား တောက်ကြွား မလာနိုင်တော့ ပဲ ဒင်းကျန် ဥသဖွယ် အဟောသိ ကံဖြစ်သွားရတော့တာပါ့.၊ နောက်ဆုံးတော့မရှိတော့ မလှူ မလှူလို့မရှိနဲ့ဒါနလဲမပြုနိုင်၊သီလလဲမ စောင့်နိုင် ၊ ဘာဝနာလဲ မပွားနိုင်ရကား ဆင်းရဲတဲ့ ဒုက္ခကနေ သုခဆီမပြောင်းလဲနိုင် ဖြစ်နေရပါတော့တယ်။သူများတွေ ကြိုးစားသလောက် အရာရောက်လို့ ထွန်းပေါက်အောင်မြင်ပြီး ချမ်းသာနေချိန်မှာ မိမိကတော့ သမုဒ္ဒရာ ဝမ်းတထွာ အတွက်နဲ့ဆင်းဆင်းရဲရဲ ကြိုးစားနေရ တတ်ပါတယ် ဒါကြောင့်သင်္ကြန်ကနေ ဒင်းကျန် ဖြစ်မသွား ရအောင် လဲဂရုစိုက်သင့်ပါတယ်။သင်္ကြန်မှာဒင်း….ကျန်မနေခဲ့ပါစေ နဲ့လိုပဲဆိုပါရစေ..
သင်္ကြန်ကနေ သင်းကျန်နေစေဖို့
အဆင်းလဲလှ ရနံ့ ကလဲ သင်းမြတဲ့ ပန်းပေါင်းစုံ တို့ဟာ ရှု့ဖွယ် မဆုံးတဲ့ ဥယဉ် တခုလုံးမှာပွင့် လန်းဝေဆာ ဖူးပွင့်နေမယ်ဆိုရင် အဲဒီဥယဉ်ကြီးဟာ သာယာလှပနေမှာပါပဲနော် ၊ ဥယဉ်ကြီးက သာယာလှပ တာနဲ့အမျှ ကောင်းသတင်းတွေကလဲ ဝန်းကျင်တခုလုံး ပျံ့လွင့်ဖုံးနေမယ်လို့ထင်ပါတယ်၊ဒီဂုဏ်သတင်းတွေ နဲ့သင်းပျံ့မွှေးကြိုင်ရနံ့လှိုင်နေတဲ့ဒီဥယဉ်ကြီးမှာ ဖြူပြာနီဝါ ရောင်စုံဖြာတဲ့ငှက်ကျေးသာရကာအပေါင်းတို့နဲ့ အတူ ဝတ်ရည်စားသုံး ပျား၊ လိပ်ပြာ၊ ပိတုန်း တို့ဟာလဲ ဝတ်ရည်ကို စားသုံးရင်း ပျော်မဆုံးဖြစ်နေကြမှာပေါ့ ၊
ဒီလိုပါပဲ၊ဘဝဆိုတာဥယဉ်ကြီးတခုပမာလိုတင်စားဆိုလို့ရမယ်ဆိုရင်လေ၊ဒီဥယဉ်ကြီးဟာ ကောင်းမြတ် တဲ့ ဂုဏ်သတင်းတွေနဲ့ လောကကြီးအတွင်းမှာ ပျံ့သင်းနေသင့်တယ်မဟုတ်လား၊ မိမိရဲ့ ဘဝဥယဉ်တွင်းမှာ ဒါနပန်း သီလပန်း ဘာဝနာ ပန်းတွေ တနည်းအားဖြင့် အမည်ပေါင်းစုံနဲ့ ကုသိုလ်ပန်း တွေသာ ပွင့်လန်းနေမယ်ဆိုရင် ဒီကုသိုလ်တွေရဲ့ ဂုဏ်သတင်းရနံ့ သင်းပျံကျော်ဇောမှု့တွေကလဲ လောကထဲမှာ ပျံ့ဝဲသွားမှာ အမှန်ပဲလေ ။ဒီအကျိုးကြောင့် ရာထူးဂုဏ်ရှိန်နဲ့ ဥစ္စာစည်းစိမ်ကြွယ်ဝပြီး ဂုဏ်ကျက်သရေ အဖြာဖြာနဲ့ ပြည့်စုံနိုင်လာတာပဲ ဖြစ်ပါတယ် ၊ ပန်းရှိတော့ ပန်းချစ်တတ်သူ လာသလို ဂုဏ်ရှိတော့လည်း ဂုဏ်ကိုတန်ဖိုးထားသူတွေလာကြလို့၊ ဟောဘဝဥယဉ်ကြီးဟာဂုဏ်သိက္ခာကျက်သရေမင်္ဂလာရှိသူတွေနဲ့
ပြည့်စုံနေတော့မှာပေါ့ ၊
ဒီလိုဆိုရင် ရက်မြတ်မဟာ နှစ်သစ်ကူး အတာသင်္ကြန်အခါရက်များဟာ မိမိအတွက် ကုသိုလ် ကံ အဆင်းရနံ့တွေသင်းပျံကျန်နေအောင်ကြိုးစားပြီးနေသင့်တဲ့ကာလလို့ အောက်မေ့မိတယ်၊ဒီရက်တွေအတွင်း မှာစိတ်ကောင်းနှလုံးကောင်းထားပြီးမကောင်းတာတွေကိုမကြံစည်မပြောဆိုမပြုလုပ်သင့်ဘူး ကောင်းတာတွေ ကိုသာ ရွေးချယ် ကြံစည် ပြောဆို ပြုလုပ်ခြင်းဖြင့် ဒါနစတဲ့ ကုသိုလ်ကံပန်းတွေ မိမိဘဝဥယဉ်မှာ ပွင့်လာ တည်လာ မှီလာအောင်ကြိုးစားသင့်တယ်လို့ ခံယူမိတယ်၊
အဲသလိုသာ ဘဝဥယဉ်ကြီးဝယ် ဒါန အစရှိတဲ့ လူတို့ရဲ့ ကုသိုလ်ကံ ပန်းပွင့်တွေနဲ့ လန်းလန်းဝင့်ဝင့် ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာနေမယ်ဆိုရင် သင့်ရဲ့ ဒီဘဝဥယဉ်ကြီးဟာ ဂုဏ်ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံမယ်၊ မိမိသူတပါး နှစ်ဦးသားအတွက်အကျိုးများမယ်၊ အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ရနံ့သတင်းတွေနဲ့ လောကအတွင်း ထာဝစဉ် ပျံ့သင်းနေတော့မယ်၊ ဝတ်ရည်စားသုံး ပျားပိတုန်းနဲ့ တူတဲ့ အထက်တန်းလွှာ သူဋ္ဌေးသူကြွယ်တွေနဲ့ ပေါင်းသင်းမိလို့ စီးပွားဖြစ်မယ် ၊ သူတော်ကောင်းတွေက ချီးမြှောက်ကြလို့ ကောင်းစားမယ်၊ စိတ်နှစ်လုံးအေးမြမယ်လ။ ဒါဆိုရင်ဒီသင်္ကြန်ဟာ သင့်အတွက်တော့ သင်းကျန် ဖြစ်သွားတော့မယ် ထင်မိပါတယ် ၊
ဒီတော့ နှစ်သစ်ကူးစ သင်္ကြန်ကာလ အတွင်းမှာ စိတ်ကောင်း နှလုံးကောင်း နဲ့ ယှဉ်ပြီး ပြုလုပ်အား ထုတ်ကြတဲ့ ဒါန၊သီလ ဘာဝနာ စသော ကောင်းမှု့ကုသိုလ်ကံတို့ဟာသင့်ကို လောကကြီးရဲ့ဆင်းရဲတွင်းမှာ ကျန်မနေအောင်ဆွဲတင်မှာပါ ၊ရောဂါထူပြော ဒုက္ခတောမှာ သင်ကျန်မနေအောင် ၊ဘေးရန်ထူပြောတဲ့ လူမှုအရှုပ်တောမှာသင်ကျန်မနေအောင်ဆွဲတင်မှာပါ၊အဲဒီလို ကောင်းမှု့ကံတွေက မြင့်ထက်မြင့်ရာကိုဆွဲတင် တဲ့အခါ သင်ကျန်မနေအောင်ဆိုရင် သင်္ကြန်မှာ မကောင်းမှုရှောင် ကောင်းမှု့ဆောင်လို့ ဖြူအောင်စိတ်ကို ထားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း လူတိုင်းအတွက် ကောင်းမြတ်တဲ့ ဂုဏ်သတင်းရနံ့နဲ့သင်းကျန်နေမဲ့ သင်္ကြန် ပွဲတော်ဖြစ်ပါစေ လို့ ဆုတောင်း လျှက် စာရေးသူ ရဲ့ ရင်တွင်း က အတွေး တစ်စကို ရပ်နားလိုက်ပါရစေ။
မေတ္တာသီသေန စိတ္တေန
အရှင်နန္ဒ၀ံသ
လောကချမ်းသာကျောင်း၊ နယူးယောက်မြို့၊ အမေရိကန်နိုင်ငံ
0 အကြံပြုချက်:
Post a Comment