ကံနဲ့စတဲ့တို့ဘဝ
ဘုရားဟောဖော် တရားတော်များကို လေ့လာကြည်ညို မှတ်သားရသောအခါ ကံ၊စိတ်၊ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့က လောကကြီးကို ခြယ်လှယ်နေကြောင်း သိမြင် သဘောပေါက် ခဲ့ပါတယ် ဒီလိုဆိုရင် လောကအတွင်း မှီတင်းနေတဲ့ ကျွန်ုပ်တို့ အားလုံး ကိုလည်း လူဖြစ်အောင် နတ်ဖြစ်အောင်`ကံတရား’က စီရင် ပုံသွင်းကာ ချမ်းသာ ပွားစီး ရာထူး ကြီးဖြင့် ကောင်းစားအောင်လည်း ပြုပြင်စီရင် ဖန်တီးပေးနိုင်တယ် ၊ ဆင်းရဲနွမ်းပါး ဆိုးရွားခြင်း တွေ.. ၊ ငလျှင် ဆူနာမီစတဲ့ သဘာဝကပ်ဘေး အထွေထွေနဲ့ ကြုံစေနိုင်သည်မှာလည်း ကံတရား ကြောင့်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်၊ ရှေးပညာရှင်တွေ ကလဲ လောက ကြီးမှာ ကံသာအမိ ကံသာအဖလို့ဆိုပြီး..ဆိုရိုးစကားထားခဲ့ကြတယ်မဟုတ်လား ။
ဆင်းရဲချမ်းသာ ကံကြောင့်သာ
ရှေးတုန်းကပြုခဲ့ဘူးတဲ့ ကောင်းမှုကံ မျိုးစေ့ ရှိခဲ့တဲ့သူတို့တတွေမှာတော့ ကုမ္မဏီပိုင် တိုက်ပိုင် ကားပိုင် အဖြစ်နဲ့ ချမ်းသာလို့ ကျန်းမာလို့ ရာထူးကြီးတွေနဲ့ ကောင်းစားအောင်မြင်နေကြသကဲ့သို့ ၊ ရှေးကပြုခဲ့ဖူးတဲ့ မကောင်းမှုကံမျိုးစေ့ ရှိခဲ့ကြသူများကြတော့လဲ ဘာကြံကြံ ဘာလုပ်လုပ် ဒုက္ခရောက်နေကြသည်က ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကပေးသော သာဓကများမဟုတ်ပါလား။ သို့ဆိုပါလျှင် ကောင်းဆိုးနှစ်တန် ပြုစီမံ နိုင်စွမ်းရှိတဲ့ အဲဒီကံကို ဉာဏ်ယှဉ်၍ ပြန်ပြင်ယူရင်ရော မရနိုင်ပေဘူးလား ဟု မေးလာ ခဲ့ရင် ရပါတယ်လို့ ဖြေရမည်ပင် ထင်ပါတယ်. ကောင်းကံပြုခဲ့လို့ ကံကောင်းနေ ကြတာဖြစ်သလို ဆိုးကံ ပြုခဲ့ကြလို့လဲ ကံဆိုးနေကြသည်ဟု ပြောလို့တောင် ရမယ် ထင်ပါတယ် ဒီတော့ ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ. စဉ်းစားဆင်ခြင် ဉာဏ်ယှဉ်သင့်တယ် မဟုတ်ပါလား.. အသိက ဗလာ၊ သတိက လုံးဝမရှိတော့ အကြောင်း နဲ့အကျိုးရယ် အကောင်းနဲ့အဆိုးရယ်ကို ဉာဏ်နဲ့ ချိန်ထိုး ကြည့်နိုင်စွမ်း မရှိသူတို့ဟာ ကောင်းတာကိုပင် မကောင်းတာထင်ပြီး မပြုချင်ကြပြန်ဘူး၊ ဒီလိုပဲ မကောင်းတာကိုတော့ ကောင်းတာလို့ ထင်ပြီး ပြုချင်ကြပြန်တယ် ၊ ဒီတော့လဲ ရလာဒ်က အဆင်မပြေခြင်း ဆင်းရဲခြင်း ကံဆိုးခြင်းစတဲ့ ဒုက္ခတွေပေါ့..။
တချို့ကြတော့လဲ ဘယ်ခါမဆို ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ၊ သတိရှေ့သွားတဲ့ ဆင်ခြင်ဉာဏ်တရား နဲ့ စဉ်းစားပြီးမှလုပ်ကြတယ်၊ မသိသေးရင် သိအောင်မေးလို့ မတတ်သေးရင် တတ်အောင်သင်ယူ လေ့လာပြီးမှ လုပ်ကိုင်လေ့ ရှိကြတယ်၊ အဲဒီလိုလူမျိုးတွေကြတော့ ကံသုံးပါးလုံးတွင် ဉာဏ်ယှဉ်နေတော့ အမှားနဲပါးတာတွေ့ရတယ် ၊ အမှားနဲပါးလာတာနဲ့အမျှ ကောင်းကျိုးသုခ တွေများလာတာကို တွေ့ရမယ် ၊
ကောင်းကံလုပ်မှ ကံကောင်းမယ်
မိဘ ဆရာသမားတို့ရဲ့ သွန်သင်ညွန်ပြ ဆိုဆုံးမမှု့ကို ရရှိနေကြတဲ့ သားသမီးများနဲ့ တပည့်များမှာတော့ အသိအလိမ္မာ နဲ့ သတိ တရားများ ရှိတတ်ကြသလို စဉ်းစားမှု့ကိုလဲ လက်ကိုင်ထားတတ်ကြမြဲ ဖြစ်တယ်လို့ ထင်ပါတယ်၊ အသိအလိမ္မာဟာ ဉာဏ်ပညာကြီးခြင်းရဲ့ အခြေခံ အကြောင်းရင်းဖြစ်လို့ မိဘစကား နားထောင်ပြီး ကြိုးစားပြုမူနေထိုင်သူတို့မှာ အမှားနဲမယ် ထင်ပါတယ်၊ သူတို့သန္တာန်မှာ မိကကသင်တဲ့ ဘ၀နဲ့ဆိုင်ရာ အသိပညာ ၊ ကျောင်းတော်က ဆရာတွေ သင်ပေးတဲ့ လောကနဲ့ဆိုင်တဲ့ အတတ်ပညာ တို့ရှိနေတော့ အကောင်းနဲ့ အဆိုး အကြောင်းနဲ့ အကျိုးကို ဉာဏ်နဲ့ချိန်ထိုးသွားတတ်ပြီပေါ့…၊ အဲဒီအသိဉာဏ်နဲ့ အတတ်ပညာတွေကို သိရင် သိထားတဲ့အတိုင်း တတ်ထားရင် တတ်ထားတဲ့ အတိုင်းသာ လိုက်နာလေ့ကျင့်မယ်ဆိုရင် အဲဒီ သူရဲ့ကြံစည်ပြောဆို လုပ်ကိုင်မှု့တွေဟာ အသိဉာဏ်နဲ့ယှဉ်ပြီးနေတာကြောင့် အမှားနဲနေမှာ ပါပဲ.. အမှားစင်တော့ စိတ်တွေကြည်လင်ကာ ကံတွေ စင်ကြယ်နေတော့ စေတနာကောင်းလို့ ကံကောင်းသူတွေ ဖြစ်လာကြတော့တယ် ..ဒီတော့ ကံဆိုးနေသူများ ကံကောင်းချင်ရင် ကောင်းကံ တွေ ဖြစ်လာဖို့မိဘဆရာသမားတို့ရဲ့ သွန်သင်ညွန်ကြားမှု့ကို နားထောင်သင့်တယ်၊ လိုက်နာသင့် တယ်၊ ဉာဏ်ယှဉ်သင့်တယ်၊ အသိဉာဏ်ရှေ့သွားပြီး သတိတရားနဲ့ပဲ အမြဲတမ်း ကြံခြင်း(မနောကံ) ပြောဆိုခြင်း(၀စီကံ) ပြုမူခြင်း(ကာယကံ)တို့ကို သာ ပြုလုပ်သင့်တယ်လို့သာ တွေးမိပါတယ်။
ဘ၀တခု အောင်မြင်တိုးတက်ဖို့ဆိုတာမှာ ကံတရားက အရေးကြီးတယ်လို့ ထင်ထင်ရှားရှား သိခဲ့ပြီးတဲ့နောက်မှာ ’ကံကောင်းလိုလျှင် စိတ်ကောင်းဝင် ပြုပြင်တိုင်းရပြုတိုင်းလှ…. ဟူသော ရှင်တော်ဘုရား ဟောကြားခဲ့တဲ့တရားကို အမြဲကြားယောင် ဆင်ခြင်နေဖြစ်ခဲ့ပါတယ၊် ကံဆိုတာအလုပ် အလုပ်ဆိုတာကံ ..အလုပ်ကောင်းရင် ကံကောင်းမယ် ကံကောင်းချင်ရင် ကောင်းတာလုပ် ဟုသာ ကိုယ့်ကိုယ်ကိုလဲ သတိပေးနေမိပါတယ် ..
အသိနောက်မှာ အကျင့်ပါမှ
ဒါဆို ဒီအသိလေးမျှ ရှိထားယုံနဲ့ ကံကောင်းပါမည်လား လို့ မေးလာမယ်ဆိုရင် ဝေးပါသေးတယ်လို့…ဆိုလိုက်ချင်ပါသေးရဲ့မိတ်ဆွေ ၊`ကံကိုယုံ၍ ဆူးပုံအတွင်း မဆင်းအပ်စွာ` လုံးလမကူ ဉာဏ်မကူပဲ မကောင်းလဲကံ ကောင်းလဲ ကံဟု ကံကိုချည်းသာ မကိုးရာဘူး စသည် ဖြင့်လဲ ရှေးသူတောင်မွန်တို့က စာချွန်ချန်ထား မှာကြားခဲ့ကြတယ်မဟုတ်ပါလား၊
စာရေးသူအနေနဲ့ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါး ထဲက “ ၀ိဇ္ဇာစရဏသမ္ပန္န “ ဆိုသောဂုဏ်တော်အဖွင့်ကို အာရုံယူမျှော် ပူဇော်သည့်အခါ…၀ိဇ္ဇာဟူသော အသိဉာဏ် ရှိသော် လည်း စရဏ ဟူသော အကျင့်မရှိက နိမ့်ကျခြင်း ကျရှုံးခြင်း စသော ဆင်းရဲဒုက္ခက လွတ်မြောက် နိုင်မည်မဟုတ်ပါ၊ စရဏ ဟုခေါ်သော အကျင့်သာ ရှိ၍ ၀ိဇ္ဇာဟူသော အသိဉာဏ် မရှိပြန်လျှင်လဲ လမ်းမှန်မရောက်ပဲ အလွဲကိုသာ ကျင့်နေမိကာ စီးပွားရေး လူမှု့ရေးမှအစ အရေးတကာဝယ် ခရီး မတွင်ပဲ ရှိတတ်ပါလားလို့ သိခဲ့ရပါတယ် ၊
မည်သူမဆို အထိုက်အလျောက်တော့ မိမိနှင့် သင့်လျှော်သော အသိပညာ အတတ်ပညာ စီးပွားရေး ကြီးပွားရေး နည်းလမ်းများကို တီးမိ ခေါက်မိတော့ သိရှိကြမည်သာ ဖြစ်ပါတယ၊် သိသလို မကျင့် မကြိုးစားခဲ့လို့သာ အောင်မြင်မှု့ချမ်းသာနဲ့ ဝေးနေကြရခြင်း ဖြစ်ပါတယ်၊ သိပြီးတော့ လိုက်မကျင့်ရင်လဲ မသိသည်နှင့် ဘာမှ မထူးခြားတော့ ပညာမဲ့ ဟူသောနာမည်ဖြင့် စာရင်းသွင်း ခံရကာ နွမ်းပါးဆင်းရဲ လူတောထဲမတိုး လူရာမ၀င်တာမျိုး ဟူသော အဖြစ်ဆိုးနဲ့ ကြုံတွေ့နေ ရခြင်းသာဖြစ်ပါတယ်၊ သို့ဖြစ်ရာ ကံကောင်းချင်သူတိုင်းဟာ ပထမကောင်းကံကို လုပ်ဖြစ်ဖို့ လိုအပ် တယ်ဆိုတာ သိထားရမှာဖြစ်သလို သိထားတဲ့အတိုင်းလဲ မဖြစ်မနေလိုက်နာပြုကျင့်ဖို့ လိုအပ်တယ် ဆိုတာ ပြောပါရစေ၊ လက်တွေ့ကျင့်ဖို့ သိအောင် လေ့လာသင်ယူရတာဖြစ်သလို သိပြီးရင်လဲ လိုက်နာ ကျင့်ကြံ အားထုတ်ရအုံးမယ်လို့သာ သတိမူမိစေချင်တာပါ…။
ကံ သုံးပါးတွင် အဓိပတိယှဉ်
လောကမှာ ကြီးပွားအောင်မြင် ချမ်းသာချင်သူတိုင်းဟာ အဘိဓမ္မာမှာလာတဲ့ အဓိပတိတရား လေးပါးကိုလက်ကိုင်ကျင့်သုံးဘို့လိုအပ်ပါတယ်၊ စာရေးသူ နားလည်သလို ပြောပြ ရရင် ပြုလုပ် ပြောဆို ကြံစည်တာမှန်သမျှဟာ ကံတရားပါလို့ လက်ခံရင်၊ ထိုကံထဲတွင် မိမိ၏ ကိုယ်ပိုင်ဆန္ဒ၊ဉာဏ၊်လုံ့လထည့်ပြီး စိတ်ဓါတ်အားဖြင့် ကြိုးစားရမည် ဆိုတာ နားလည်နိုင်ပါတယ်၊ ဘယ်သူမဆိုပေါ့၊ မိမိဘ၀ ကြီးပွားအောင်မြင်လိုရင်-ချမ်းသာလိုရင်၊ မိမိလုပ်နေတဲ့ ဘာအလုပ် ကိုပဲဖြစ်ဖြစ် လုပ်ကိုင်ချင်တဲ့ဆန္ဒ၊လုပ်ချင်တဲ့စိတ၊် လုပ်တတ်ကိုင်တတ်မှု့ ပညာနဲ့ ၊ လုပ်နေမှု့ ဆိုတဲ့ဝိရိယ၊ ဒီတရား လေးပါး ညီမျှမှ အောင်မြင်နိုင် ချမ်သားကြွယ်ဝနိုင်သည်ဟု နားလည်မိ ပါတယ်၊ ဒီတရား လေးပါးဟာ တစ်ပါးက ရှေ့ကနေဦးဆောင်သွားနေခိုက်မှာ ကျန်သုံးပါးက နောက် နားက ကပ်လိုက်လာတတ်တဲ့ သဘောရှိတယ်၊ ကျမ်းမာ ချမ်းသာအောင်မြင် ကျော်ကြားလိုတယ် ဆိုရင် ချမ်းသာအောင်မြင် ကျော်ကြားချင်မှု့ ဆိုတဲ့ဆန္ဒ အရင်ဖြစ်ပေါ်လာခဲ့တဲ့အခါ အဲဒီနောက်မှာမှ ချမ်းသာလိုစိတ် အောင်မြင်လိုစိတ်တို့ ဖြစ်ပေါ်လာမှာ ဖြစ်တယ်၊ အဲဒီစိတ်ကြောင့် အသိပညာ အတတ်ပညာတို့ကို လေ့လာသင်ယူကြခါ စိတ်ကူးယဉ်ဆန္ဒကို အကောင်အထည်ဖေါ်ကြလို့ ရာထူးကြီးတွေရပြီး စည်းစိမ်များနှင့် ချမ်းသာကြွယ်ဝ နေကြတာဖြစ်တယ် ၊အပြန်အလှန် အားဖြင့် ထိုတရားလေးပါး ဖြစ်ပေါ် လိုက်နာကျင့်သုံးမှု့ အားနည်းသူတွေမှာလဲ ‘ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာ ‘ဆိုတဲ့ စကားအတိုင်းပဲ.. သူတို့ရဲ့ စိတ်ဆန္ဒကြိုးစားမှု့ နဲခဲ့တာနဲ့ အညီ နိမ့်ကျစွာ လုပ်ကိုင်နေထိုင် ရုန်းကန်နေကြရပေတယ်။ ဒီတော့ အဲဒီလိုနေ့စဉ်နေ့တိုင်း သမုဒ္ဒရာ ၀မ်းတထွာ အတွက်နဲ့ရော မိဘမောင်ဘွား ဇနီးမယား သမီးသားအတွက်တွေ အတွက်ပါ ကြိုးစားရုန်းကန် နေရတာနဲ့ပဲ ဘ၀အဓိပ္ပါယ်နဲ့ ဘ၀တန်ဖိုးဆိုတာကို ဆင်းရဲနွမ်းပါးတဲ့ ပညာမဲ့များခမျာမှာ မသိနိုင် ရှာတော့ဘူးပေါ့။
ကိုယ့်ဘ၀အဆင့် ကိုယ်တိုင်မြှင့်စို့
အချို့ကအလုပ်ကောင်းမှ ကံကောင်းမယ်၊ ကံကောင်းအောင် ကောင်းတာလုပ်ရမယ်၊ မိဘဆရာသမားတို့ရဲ့ စကားနားထောင်သင့်တယ်လို့ အခြေခံအားဖြင့်တော့ အသိညာဏ် ရင့်သန်ပြည့်စုံကြတာများပါတယ်၊အကြားအမြင်နဲ့ဗဟုသုတတွေလည်းရှိကြပါတယ်၊ ဒါပေမဲ့လဲ လိုက်နာကျင့်ကြံအားထုတ်မှု့လို့ခေါ်တဲ့ စရဏတရားကတော့ အသိရဲ့နောက်ပါးမှ ကပ်ပါမလာ ကြဘူး၊ ဒီတော့ အောက်ကျ နောက်ကျ နဲ့ ပညာမဲ့ပြီး ဆင်းရဲနေကြတဲ့ သူတွေရဲ့ တရားခံကို ပြောပြပါဆိုရင်လဲ မိမိသိသလို လိုက်မလုပ်ဖြစ်ခဲ့ခြင်းကိုပဲ ညွန်းပြရမလို ဖြစ်နေပါတော့တယ် ၊ ဒီလိုကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ကြည့်ကာ စဉ်းစားဉာဏ်သက်ဝင်၍ ကံကို ပြုပြင်နိုင်ပါမူ လက်ရှိဘ၀ရဲ့အနာဂတ်ဟာ ချမ်းသာသုခနဲ့ အနေလှနိုင်သလို သံသရာ ခရီးလမ်း မှာလဲ ခရီးကြမ်းလို့ ပင်ပန်းနွမ်းရလိမ့်မည်လို့ မထင်မိပါဘူး .၊
ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ကံကို မိမိရဲ့ကိုယ်ပိုင်အသိညာဏ်ဖြင့်ယှဉ်ပြီး မိမိတို့ ဘ၀တွေရဲ့ လက်ရှိအနေအထားကို အသိဉာဏ်နဲ့ ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားဆောင် ပါလျင် ကောင်းစားနိုင်သည်ချည်း ဖြစ်တယ်လို့ခံယူ နားလည်မိလိုက်ခဲ့တာပါ၊ ကံတရားချည်းသက်သက် ပုံပြီး ယုံနေလို့ကတော့ အချည်းနှီးပဲ ထင်ပါတယ်။
ဒီလိုဆိုရင်ကံတရားဆိုတာ ဆန်းကြယ်တာလဲမှန်တယ် လောကကြီးကို ကံကခြယ်လှယ်နေတယ် ကံကိုမှီပြီးတော့ ဆင်းရဲနဲ့ချမ်းသာ ပညာမဲ့၊ပညာတတ် စသည် ကွဲနေ တယ်ဆိုတာ သိရပါပြီ ၊အဲဒီကံကို ဉာဏ်နဲ့ယှဉ်ပြီး ပြုပြင်ပေးမယ်ဆိုရင် ရနိုင်တယ်ဆိုတာလဲ သိသာ ပါပြီ ၊အဲဒီ ကံ တရားကိုပဲ ဆန္ဒ. စိတ္တ .၀ိရိယ. ၀ီမံသ ဟူသော အဓိပတိတရားလေးပါး နဲ့ ပေါင်းစပ် ပြီး ကောင်းကံတွေပြုဖြစ်သူဟာ ကံတွေကောင်းမယ် ၊ဆိုးကံပြုသူတွေ ကံဆိုးမယ်ဆိုတာလဲ သေချာနေပါတယ် ၊ဒီတော့ ``ကံ ``ပိုင်ရှင် လူသားက ကံတရားကို ဉာဏ်အားသုံးပြီး ပြုပြင်ယူလို့ ရတာလဲ ထင်ရှားပါတယ် .. အဲလိုမှ မဟုတ်ပဲ ကံ တရားကသာ ကံပိုင်ရှင်လူသားကို ကစား သွားခဲ့မယ်ဆိုရင် ကောင်းဆိုးနှစ်တန် လောကဓံမှာ ခါးသီးတဲ့အဆိုးကံတွေနဲ့သာ ကြုံနေရပီး ကံတွေ ဆိုးနေကြတော့မှာပါပဲ ။
ကံကို ဉဏ်ယှဉ် ပြင်ပါစို့ လို့ တွေးမိခဲ့တဲ့ခေါင်းစဉ်အတိုင်း အတွေးလေးတွေ ချရေးမိလိုက် ပါပြီ၊ ယုတ္တိတန်၏ မတန်၏တော့ စာရှု့သူဆုံးဖြတ်ပေးဖို့ပါ ၊စာရေးသူ ရင်ထဲမှာကတော့ ကံသုံးပါးတွင် အသိဉာဏ်ယှဉ်ပြီး ဆင်ခြင်ပြုပါလျှင် ကံကောင်းနိုင်ပါသည်လို့ တွေးသိခံယူထားပါတယ်၊ ဒါကြောင့်ယခုပင်ကစလို့ ကောင်းကောင်း ပြုမူနေထိုင်၊ လုပ်ကိုင်၊ ပြောဆိ၊ု ကြံစည်ရင်း ကောင်းမြတ် သာယာ လှပသော ဘ၀အနာဂတ် ရရှိအောင် ကြိုးစားသင့်ပြီလို့ ကိုယ့်ဘာသာတွေးမြင် ဆင်ခြင်ရင်း အကြိုက်ဆုံးသော အောက်ပါကဗျာလေးကို ရွတ်ဆိုနေ မိပါတော့တယ်
‘အတိတ်ကိုတွေး၊ စိတ်မလေးနဲ့….အတိတ်ဆိုတာ ပြန်မလာဘူး’
‘အနာဂတ်ကိုမှန်း သိပ်လွမ်းနဲ့……အနာဂတ်ဆိုတာ မသေချာဘူး’ ပစ္စုပ္ပန်မှာ လုပ်သင့်ရာကို ပညာလုံ့လ အသုံးချပြီး ဘဝနောက်နှောင်း
‘အနာဂတ်ကိုမှန်း သိပ်လွမ်းနဲ့……အနာဂတ်ဆိုတာ မသေချာဘူး’ ပစ္စုပ္ပန်မှာ လုပ်သင့်ရာကို ပညာလုံ့လ အသုံးချပြီး ဘဝနောက်နှောင်း
ကောင်းထက်ကောင်းအောင် ကြိုးစားဆောင်လျှက် လက်ရှိကာလ တဒင်္ဂကို
ကံ ဉာဏ် ၀ီရိ စောင်းနှယ်ညှိကာ ကြိုးစားခါဖြင့် `ဘဝတန်ဘိုး…အားမာန်ကိုး၍ မြတ်နိုးကြည်ဖြူ အရယူ’
0 အကြံပြုချက်:
Post a Comment